(၁)
နှာခေါင်းစည်းတွေ
ရောင်းကောင်းတယ် မာရီယာ…
ကံစမ်းမဲ ပါလို့ မဟုတ်ဘူး
အကြောက်တရားကို ထည့်ရောင်းနေတာ… ။
(၂)
ကပ်ရောဂါ ဆိုတာ မီးခိုး ပဲ …
ဘယ်သူက ဘယ်မှာ
မီးကိုပျိုးခဲ့တာ မသေချာပေမယ့်
ကံစမ်းမဲ ကျတာကတော့
မင်းရော ငါရော ဖြစ်နိုင်တယ် ၊
လူဆိုတာက လောင်စာသက်သက်ပဲ
မဟုတ်လား မာရီယာရယ်
(၃)
နေကောင်းအောင် ဂရုစိုက်ပါ မာရီယာ…
နေမကောင်းရင် ကမ္ဘာကြီးက
မင်းကို မောင်းထုတ်ကြလ်ိမ့်မယ်… ။
လူတွေ ချစ်တယ်ဆိုတာက
သူတို့ကို မထိခိုက်သရွေ့ပဲ မဟုတ်လား…
(၄)
ပြင်းပြင်းထန်ထန်
အရိုက်ခံရရင်လည်း ပြုံးပါ..
တွင်းနက်နက်ထဲ
ပြုတ်ကျရင်လည်း ပြုံးပါ..
ကိုယ့်ကိုယ်ကိုယ် ဂေါက်သီးတစ်လုံးလို့ ဟန်ဆောင်လိုက်ပေါ့ မာရီယာ၊
သေတဲ့အခါ
ရိုက်ချက်အနည်းဆုံးနဲ့
ပွဲပြီးတဲ့သူက အနိုင်ရတာ မာရီယာ။
မင်းခိုက်စိုးစန်
၂၀၂၀
Leave a Reply