အဘိုးအိုတယောက်နဲ့ လူငယ်တယောက် လမ်းမှာ ဆုံကြတော့ လူငယ်က အဘိုးအိုကို မေးတယ်။
“ကျွန်တော့်ကိုမှတ်မိလား ဆရာ?” အဘိုးအိုက ခေါင်းခါတယ်။
“ကျွန်တော် ဆရာ့တပည့်ပါဆရာ”
“ဟေ။ဟုတ်လားကွ
“ဟုတ်ပါတယ်ဆရာ”
“အခုငါ့တပည့် ဘာအလုပ်လုပ်နေလဲ”
“အခု ကျောင်းဆရာ တဦးအနေနဲ့အသက်မွေးဝမ်းကျောင်းပြုနေတယ်ဆရာ”
လူငယ်က ဂုဏ်ယူစွာဖြေတယ်။
အဘိုးအိုက ပျော်ရွှင်နေတဲ့ မျက်နှာထားနဲ့ “ကောင်းတယ်ဟေ့။ငါ့လိုပါပဲလားကွ”
“ဟုတ်ပါတယ်ဆရာ။ တကယ်တော့ ကျွန်တော်ဆရာဖြစ်ခဲ့တာက ဆရာ့ကြောင့်လို့ပြောလို့ရပါတယ်။ ဆရာလှုံ့ဆော်မှုကြောင့် သာ ကျွန်တော်ဆရာတယောက်ဖြစ်လာတာပါ”
“ဟေ ဘယ်လိုအရာက မင်းကို ဆရာလုပ်ဖို့ လှုံ့ဆော်ခဲ့လဲ ငါတောင် မမှတ်မိတော့ဘူးကွ” စူးစမ်းချင်စိတ်ပြင်းပြနေတဲ့ မျက်နှာထားနဲ့ အဘိုးအိုက မေးတယ်။
လူငယ်က အတိတ်ကာလက အဖြစ်အပျက်တခုကို ပြောပြခဲ့တယ်။
“တစ်နေ့မှာ ကျွန်တော့်သူငယ်ချင်းက ကျောင်းလာတဲ့အခါ သိပ်မိုက်တဲ့ နာရီအသစ်တလုံးပတ်လာတယ်ဆရာ။ နာရီကို မြင်မြင်ချင်း ကျွန်တော်အရမ်းကြိုက်သွား ပြီး လိုချင်ခဲ့တယ်။
ဒါနဲ့ ခိုးယူဖို့ ဆုံးဖြတ်လိုက်တယ်။သူငယ်ချင်းက နာရီကို အိတ်ထဲ ထည့်ထားချိန် ကျွန်တော် ခိုးလိုက်တယ်”
လူငယ်က ဆရာ့ကို ကြည့်တော့ ဆရာက ဆက်ပြောပါဦးလို့ ခေါင်းညိတ်ပြတယ်။
“ခဏကြာတော့ သူငယ်ချင်းက သူ့နာရီပျောက်နေတာ သတိထားမိပြီး အတန်းပိုင်ဆရာကို ချက်ချင်းတိုင်တယ်။အဲဒီဆရာက ဆရာပါဆရာ” ဆရာဖြစ်သူက ခေါင်းညိတ်ပြတယ်။
ဆရာက ‘ဒီကျောင်းသားရဲ့ နာရီက ဒီနေ့ စာသင်ချိန် မှာ ပျောက်သွားတယ်လို့ ပြောတယ်။ ကောက်ရထားသူရှိလား။ ကောက်ရထားရင် ပြန်ပေးပါ”လို့အော်ခဲ့တယ်။
“ကျွန်တော် လိုချင်လို့ ခိုးထားတာမို့ ပြန်မပေးခဲ့ဘူးဆရာ”
ဆရာက တံခါးပိတ်ပြီး ကျွန်တော်တို့အားလုံးကို စက်ဝိုင်းပုံ ဝိုင်းပြီး မတ်တပ်ရပ်ခိုင်းခဲ့တယ်။ကျွန်တော်တို့အားလုံး ကို မျက်လုံးမှိတ်ထားခိုင်းတယ်။ကျွန်တော်တို့အားလုံးလည်း ဆရာညွှန်ကြားတဲ့အတိုင်း လုပ်ခဲ့ကြတယ်။
“ကျွန်တော်တို့ ရဲ့အိတ်ကပ်တွေထဲကို ဆရာ လိုက်ရှာခဲ့တယ်”
ဆရာက ကျောင်းသားတဦးချင်းရဲ့ အိတ်ကပ်တွေကို ရှာခဲ့တယ်။ကျွန်တော့်အိတ်ကပ်ထဲကနေ နာရီတွေ့သွားပေမယ့် ကျန်တဲ့ကျောင်းသားတိုင်းရဲ့ အိတ်ကပ်တွေကို ဆရာ ဆက်ရှာခဲ့တယ်။ အကုန်လုံး ရှာပြီး မှ ဆရာကပြောခဲ့တယ်။
“အားလုံး မျက်စိဖွင့်လို့ ရပြီဟေ့။ နာရီ တွေ့ပြီ”
“အဲဒီနေ့က ဆရာက ကျွန်တော့်ကို နာရီသူခိုးလို့ အများရှေ့မှာ မပြောခဲ့သလို ကျွန်တော်တို့ နောက်တတန်းတက်သွားတဲ့အထိ ဒီအကြောင်းကို မပြောခဲ့ဘူး။”
“နာရီ ဘယ်သူခိုးယူထားတယ်ဆိုတာကိုလည်း ဘယ်သူ့ကိုမှ မပြောခဲ့ဘူး။”
ဒါပေမယ့် အဲဒီနေ့ကပဲ ကျွန်တော်ဟာ သူခိုး၊ လူဆိုးမဖြစ်စေရဘူးလို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ နေ့ပါပဲ။
ဆရာက ဘာမှ မပြောခဲ့၊မကြိမ်းမောင်းခဲ့ပေမယ့် လူ့ကျင့်ဝတ်ဆိုင်ရာ သင်ခန်းစာကို ပြသပေးခဲ့တာပါပဲဆရာ။
ဆရာ့ပေးခဲ့တဲ့ ဘဝသင်ခန်းစာကို ကျွန်တော် ရှင်းရှင်းလင်းလင်း ရရှိခဲ့ရပါတယ်။
ကျေးဇူးတင်ပါတယ်၊ တကယ့်ဆရာစစ်စစ် တယောက်ဖြစ်ဖို့ အတွက်လိုအပ်တာကို နားလည်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကို မှတ်မိလားဆရာ”
အဘိုးအိုက ခေါင်းညိတ်တယ်။
“အဲဒီနေ့က အဖြစ်အပျက်ကို ဆရာ မှတ်မိပါတယ်။ကျောင်းသားတိုင်းရဲ့အိတ်ကပ်ထဲမှာ နာရီလိုက်ရှာတဲ့ အခြေအနေကိုလည်းမှတ်မိပါတယ်။
“မင်းမျက်နှာကိုတော့ မမှတ်မိဘူးကွ။”
“ဗျာ—-“
“ဘာလို့လဲဆိုတော့ အဲဒီအချိန်က ကျောင်းသားတွေနည်းတူ ဆရာလည်း မျက်လုံးမှိတ်ထားခဲ့တယ်ကွ”
ဒါဟာ သင်ကြားပေးခြင်းရဲ့ အနှစ်သာရပါပဲ။
အရှက်ခွဲပြီး တည့်မတ်ပေးခဲ့ရင် ဘဝသင်ခန်းစာကို အမှန်တကယ် တတ်မြောက်ခဲ့မှာ မဟုတ်ဘူး။
Credit: မူရင်းနှင့် မြန်မာပြန်ဆိုသူ
🌟❤️ဗဟုသုတတွေ၊မှတ်သားစရာများစွာ မျှဝေပေးနေတဲ့ One Fine Day in Life page ကို Like လုပ်ထားဖို့ မမေ့ပါနဲ့။ ❤️🌟
https://www.facebook.com/onefineday.life
Leave a Reply